ပုသိမ်ကြီး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ ကျောင်းကျန်းမာရေး အသိပညာပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မွန်မွန်ခင် ၊မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန က/မ(၃) ဒေါ်ခင်စန္ဒာဖူး၊ စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးငြိမ်းစံ၊ မြို့နယ်စည်ပင်မှ ဦးစီးအရာရှိ ဒေါ်မူမူမြင့်တို့က ကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများ ရောင်းချမှုရှိ/မရှိ၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ကျောင်းပတ်ဝန်း ခြုံနွယ်များ ရှင်းလင်းထားရှိမှု၊ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာများ၊ သင်ကြားရေးပိုင်းတွင် လေဝင်လေထွက်ကောင်း၍ အလင်းရောင်လုံလောက်စွာ ရရှိသောစာသင်ခန်းများ အခြေအနေတို့ကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ရီ၊ ဆရာ၊ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့်အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မေဝတီ (ပုသိမ်ကြီး)