ကျောက်ဆည် ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပြည်သူလူတို့အနေဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိပညာများရရှိစေရန်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ မိမိတို့၏ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဘက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက် နိုင်စေရန်း ရည်ရွယ်၍ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာများ ဆက်လက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်၊ ကျောက်ဆည်မြို့နယ် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်၊ ဒုတိယဆေးရုံအုပ် ဒေါ်လှိုင်လှိုင်သင်းနှင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဆွေဆွေမြင့်တို့က မြန်မာ့တိုင်းရင်းဆေးပညာသမိုင်း၊ တိုင်းရင်းဆေး များ၏ အခြေခံသဘောတရားများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ မီဖိုချောင်သုံးဆေးဘက်ဝင်ပစ္စည်းများအကြောင်း၊ တိုင်းရင်းဆေးကုဌာနသုံး ဆေးဖုံများအကြောင်း၊ ပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်များ အသုံးပြုပုံနှင့် တိုင်းရင်းဆေးပညာဖြင့် ဆောင်ရန်/ရှောင်ရန်/သတိပြုရန် နည်းလမ်းများအကြောင်း သင်းကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျောက်ဆည်မြို့နယ်တွင်းရှိ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား/သင်တန်းသူ ၇၂ ဦးတက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ ဇွန် ၁၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၃ ရက်ကြာ စာတွေ့လက်တွေ့သင်ကြားလျက်ရှိကြောင်းနှင့် သင်တန်းပြီးမြောက်သွားပါက ပြန်လည်ဆန်းစစ်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)