မြစ်သား ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်၍ ညောင်ဝန်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုကို ယမန်နေ့ နံနက် ၉ နာရီက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍတွင် တိုင်းရင်းဆေးဖြင့် အကျိုးထိရောက်မှုရှိစွာ ကုသနိုင်ရန် ရည်ရွယ်၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်းက ကျောင်းသား၊ ကျောင်းသူများကို အပူကြောင့်ဖြစ်သော ခေါင်းမူး၊ ချွေးထွက်များခြင်း၊ အပူရှပ်ခြင်းတို့ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးမှူးနှင့် ဝန်ထမ်းများက ကျောင်းသား၊ကျောင်းသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ မိုးရာသီတွင် အဓိကဖြစ်ပွား တတ်သော သွေးလွန်တုပ်ကွေးရောဂါ၊ နှာစေးချောင်းဆိုးခြင်း၊ အစာမကြေခြင်း၊ သဲဝဲစားခြင်းနှင့် အရေပြားရောဂါများကို ကုသပေးခြင်း၊ တိုင်းရင်းဆေးဝါးများ သောက်ဆေးပေးခြင်း၊ လိမ်းဆေးပေးခြင်းများကို ကျောင်းသား၊ ကျောင်းသူ ၄၁ ဦးအားကုသပေးခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကွင်းဆင်းကုသပေးခြင်းများကို မြို့ပေါ်ရှိစာသင်ကျောင်းများနှင့် ကျေးရွာများရှိစာသင်ကျောင်းများကိုလည်း သတ်မှတ်ရက်များအလိုက် နယ်လှည့်ကွင်းဆင်းကုသပေးသွားမည်ဖြစ်ကြောင်း မြို့နယ်တိုင်းရင်းဆေးကုဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)