စဉ့်ကိုင် ဇွန်၁၉
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိအလိမ်အမာတိုးပွားစေရေး၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာအတတ်ပညာများ တိုးပွားစေရေး၊ နိုင်ငံတော်အတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာလေးများ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်း(တောမ)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ဇွန်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး “စာဖတ်ခြင်း အကျိုးကျေးဇူး” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဆွေးဆွေးဖြေကြားခဲ့ ကြောင်းနှင့် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ခန်းမအတွင်း ပြသထားသော အသိပညာ ဗဟုသုတစုံလင်သည့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)