ပုဂံဒေသရှိ ခေတ်အလိုက် ရှေးဟောင်းအဆောက်အအုံများ၏ အုတ်မြစ်တည်ဆောက်မှုစနစ် သုတေသနလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ညောင်ဦး ဇွန် ၁၉

ကမ္ဘာ့အမွေအနှစ်ပုဂံဒေသရှိ ခေတ်အဆက်ဆက် တည်ဆောက်ခဲ့သော ရှေးဟောင်းအဆောက်အအုံများ၏ မြေပြင်ပေါ်ရှိ ဗိသုကာနှင့်အနုပညာလက်ရာများကို မျက်မြင်တွေ့ ထိလေ့လာနိုင်သော်လည်း မြေပြင်အောက်တွင် ဖွဲ့စည်းတည်ဆောက်ခဲ့သည့် အုတ်မြစ်တည်ဆောက်မှုစနစ်အား သိရှိနိုင်ရန်အတွက် အုတ်မြစ်တည်ဆောက်မှုစနစ် သုတေသန လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။

ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း သုတေသနပြုမှုတစ်ရပ်အနေဖြင့် ခေတ်ကာလမတူညီသော ရှေးဟောင်းအဆောက်အအုံ (၃) ဆူဖြစ်သည့် ငကျွဲနားဋောင်းစေတီ(အေဒီ-၁၁)၊ ပေါက်ပင်ရာစေတီ (အေဒီ-၁၂)၊ ရှေးဟောင်းအဆောက်အအုံ အမှတ်-၁၉၀၅ (အေဒီ-၁၃)တို့၏ အုတ်မြစ်တည်ဆောက်မှုစနစ်တို့အား သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငကျွဲနားဋောင်းစေတီသည် နတ်လျောင်းကျောင်းအနီးတွင် တည်ရှိပြီး အေဒီ(၁၁)ရာစု အစောပိုင်းလက်ရာဟုယူဆရသည့်  စေတီဖြစ်ကာ ငကျွဲနားဋောင်းစေတီ၏ အရှေ့မြောက် ထောင့်ရှိ ပုံတွင်ဖော်ပြထားသည့် အောက်ခြေပစ္စယံအဝိုင်းအုတ်ခုံ-A နေရာတွင် စတင်၍  အုတ်မြစ်အဆုံးမြေလွှာတွေ့ရှိသည်အထိ တူးဖော်ခဲ့ရာ  အုတ်လွှား (၅)လွှားကို တွေ့ရှိရပြီး ၎င်းအုတ်လွှား(၅)လွှား၏ အောက်ခြေတွင် အုတ်မြစ်အဆုံးမြေလွှာကို တွေ့ရှိရကြာင်း  ၎င်းမြေလွှာသည်လက်ရှိ မြေပြင်မှ အနက်ပေ (၁)ပေ(၁)လက်မနေရာတွင်ရှိသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ စေတီ၏ တောင်ဘက်ခြမ်း စဉ့်ရည်သုတ်ခေါင်းလောင်းပုံစေတီ၏ -B နေရာ အား တူးဖော်ခဲ့ရာ အုတ်လွှား(၄၃)လွှား တွေ့ရှိရပြီး အဆိုပါ အုတ်လွှား (၄၃) လွှား၏ အောက်ခြေတွင် အုတ်မြစ် အဆုံးမြေလွှာအား တွေ့ရှိရကာ လက်ရှိမြေပြင်မှ အနက်ပေ (၁၀)ပေ (၂)လက်မ နေရာတွင် အုတ်မြစ်အဆုံး မြေလွှာကို တွေ့ရှိခဲ့ရကြောင်းသိရသည်။

စေတီ၏ မတူညီသော နေရာ (၂) နေရာဖြစ်သည့် အရှေ့မြောက်ထောင့်ရှိ အောက်ခြေပစ္စယံ အဝိုင်း အုတ်ခုံ-A နှင့် တောင်ဘက်ခြမ်း စဉ့်ရည်သုတ်ခေါင်းလောင်းပုံစေတီ၏-Bနေရာတို့၏ အုတ်မြစ်မှာ မတူညီ ကွဲပြားလျက်ရှိကြောင်း လေ့လာတွေ့ရှိရသည်။

 စေတီ၏ အရှေ့မြောက်ထောင့်ရှိ အောက်ခြေပစ္စယံအဝိုင်းအုတ်ခုံ-A နေရာရှိ အုတ်မြစ်မှ တွေ့ရှိရသည့်  အုတ်အရွယ်အစားမှာ (က) အလျား - ၁၂ လက်မ၊ အနံ - ၇ လက်မ၊ ထု - ၂လက်မ နှင့် (ခ) အလျား ၁၃ လက်မ၊ အနံ - ၇ လက်မ၊ ထု - ၂ လက်မတို့ တူးဖာ်တွေ့ရှိရသည်။

စေတီ၏ တောင်ဘက်ခြမ်း စဉ့်ရည်သုတ်ခေါင်းလောင်းပုံစေတီ၏-B နေရာရှိ အုတ်မြစ်မှ တွေ့ရှိရသည့် အုတ်အရွယ်အစားများမှာ (က) အလျား-၁၂ လက်မ၊အနံ-၇ လက်မ၊ ထု-၂ လက်မ နှင့် (ခ) အလျား - ၁၃ လက်မ၊ အနံ-၇ လက်မ၊ ထု -၂ လက်မတို့တွေ့ရှိရသည်။ ခေတ်ကာလ မတူညီသည့် ရှေးဟောင်းအဆောက်အအုံများ၏ အုတ်မြစ်အား တူးဖော်သု တေသနပြုလျက်ရှိကြောင်း သိရသည်။

ဒီပါလင်း