ချမ်းအေးသာစံ ဇွန် ၁၉
ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများ စားသုံးစေရေး၊ ကျောင်းမုန့်စျေးဆိုင်များတွင် ရောင်းချနေသည့် အစားအသောက်များကျန်းမာရေးနှင့်ညီညွတ်မှု ရှိ/မရှိတို့အား မြို့နယ်ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခြင်းကို ချမ်းအေးသာစံမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ဇွန် ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁၂)အခြေခံပညာအထက်တန်းကျောင်းနှင့်အခြေခံပညာအလယ်တန်းကျောင်း(လေ့ကျင့်ရေး) ကျောင်းများရှိ ကျောင်းမုန့်စျေးဆိုင်များတွင် “အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ သတ်မှတ်ထားသော စားသုံးရန်မသင့်သည့် အစားအစာများရောင်းချခြင်း၊ အားဖြည့် အချိုရည်၊ ဂတ်စ်ပါသော အချိုရည်များရောင်းချခြင်း၊ အချို၊ အငန်လွန်ကဲသော အသင့်စား စားသောက်ကုန်များ ရောင်းချခြင်းနှင့် သက်တမ်းကျော်လွန်သော အစားအစာများရောင်းချခြင်း” စသည့် အချက်များကိုအခြေခံကာ စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို ချမ်းအေးသာစံမြို့နယ် မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီ နာယက ဦးထွန်းထွန်းဝင်း၏ ကြီးကြပ်မှုဖြင့်မြို့နယ်အဆင့် ကျောင်းကျန်းမာရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာသီတာဝင်း၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ဝါဝါကျော်နှင့် ကျောင်းကျန်းမာရေးကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)