မြစ်သား ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့ရိုးရာခြင်းလုံးအခြေခံထိ ၆ ချက် (အခမဲ့) သင်တန်းကို ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများများ၊ Youth Club အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဒုတိယမြိုနယ်ပညာရေးမှူး ဦးဇော်နိုင်မင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် Youth Club အသင်းဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက မြန်မာ့ရိုးရာခြင်းလုံးပညာကို မြတ်နိုးတန်ဖိုးထားတတ်သော မျိုးဆက်သစ်လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့ရိုးရာ အမွေအနှစ်ဖြစ်သော ရိုးရာခြင်းလုံးပညာကိုလည်း ဆက်လက်ထိန်းသိမ်းတတ်စေရန် ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က လူငယ်လူရွယ်များ ကျန်းမာကြံ့ခိုင်လာစေရန်၊ အချင်းချင်းစည်းလုံးညီညွတ်မှုရရှိစေရန်၊ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပေးတတ်မှုရှိစေရန်အတွက် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နည်းပြနှင့် ဒိုင်လူကြီး ဦးအေးချစ်က မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားနည်း စည်းမျဉ်း၊ စည်းကမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။ သင်တန်းနည်းပြ ဆရာဦးကျော်ဇင်မင်း ကရိုးရာခြင်းခတ်ကစားရာတွင် အခြေခံထိ (၆) ချက်ဖြစ်သည့် ခြေဖျား၊ ခြေခွင်၊ ဒူး၊ ဘေးဖဝါး၊ ဘေးဖနောင့်၊ ဘေးဖမျက်၊ ထပ်ခြေဖျား၊ ထပ်ခြေခွင်၊ ထပ်ဒူး စသည့် အခြေခံခြင်းခတ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းကို ဇွန် ၁၈ ရက်နေ့မှ ၂၀ ရက်နေ့ထိ သင်တန်းကာလ ၃ ရက်ကြာ အခြေခံထိ ၆ ချက်ခြင်းခတ်ကစားနည်းများကို သင်တန်းသား ၂၂ ဦးအား မြန်မာ့ရိုးရာခြင်းလုံး ပညာရပ်များကို လက်တွေ့သင် ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း (ပြန်/ဆက်)