ငါန်းဇွန် ဇွန် ၁၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၉)နာရီက ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံများ လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောင်းရှေ့အလံတိုင်အလေးပြုကွင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများက နိုင်ငံတော်အလံ အလေးပြုကြပြီး နိုင်ငံတော်သီချင်းနှင့် မြန်မာ့ကျောင်းသားတေးသီချင်း သီဆိုကြသည်။ ထို့နောက် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် သူငယ်တန်းမှ တတိယတန်းအထိ ကျောင်းသား/ကျောင်းသူ (၉၉)ဦးအတွက် ကျောင်းဝတ်စုံများကို အလှူရှင် ဒေါ်ခင်မာဆွေ (ရွှေပျိုးခင်းအဆောင်၊ အာရှအလင်းရောင်မုဒ်ဦး၊ ပြင်ဦးလွင်မြို့)မှ လှူဒါန်းခဲ့ရာ ကျောင်းဝတ်စုံများကို အလှူရှင်ကိုယ်စား အမက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုးက ကျောင်းသားကျောင်းသူ တစ်ဦးချင်းအား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံပေးအပ်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ယခင် ပထမအကြိမ်က အစိုးရထောက်ပံ့မှုဖြင့် ကျောင်းသား ၈၁ ဦး၊ ကျောင်းသူ ၈၂ ဦး၊ စုစုပေါင်း ၁၆၃ ဦးတို့အား တစ်ဦးလျှင် ဝတ်စုံတစ်စုံ၊ ခဲတံလေးချောင်း၊ ကျောင်းသုံးပုံနှိပ်တစ်စုံ၊ ဗလာစာအုပ်တစ်ဒါဇင် ပေးအပ်ခဲ့ ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်မိုးထံမှ သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)