တောင်သာမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်

တောင်သာ ဇွန် ၁၉

တောင်သာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်ကွင်းဆင်း၍ ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ပြသဆောင်ရွက်မှုအား ယနေ့ နံနက် ၉ နာရီက အနောက်ရပ်(အ.လ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပ ဗဟုသုတရရှိစေရန်၊ ကျောင်းစာကိုလည်း ကြိုးစားသင်ယူလေ့လာကြရန်လိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာရည် ပြည့်ဝနေမှသာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး မိမိဘဝတိုးတက်မြင့်မားလာနိုင်မှာဖြစ်ပါကြောင်း၊ အလိမ္မာစာမှာရှိ ဆိုသည့်အတိုင်း ကိုယ်အမူအယာ ယဉ်ကျေးမှု၊ နှုတ်အမူအယာ ယဉ်ကျေးမှု၊ စိတ်သဘောထားနုညံ့သိမ်မွေ့မှု၊ စာမဖတ်ပါက အသိဉာဏ် ကန်းပါမယ်၊ အသိဉာဏ် ကန်းပါက လိမ္မာယဉ်ကျေးမှု ပပျောက်ပါမယ်၊ လိမ္မာယဉ်ကျေးမှု ပပျောက်ပါက ရိုင်းစိုင်းပါမယ်၊ ရိုင်းစိုင်းပါက နိုင်ငံမအေးချမ်းနိုင်ပါ စတဲ့အကြောင်းအရာများအား ဟောပြောခဲ့ကြကြောင်း သိရသည်။    

ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်အား ပြသထားရာ အနောက်ရပ် (အ.လ.က)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၈၀ ဦး ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)