‎မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇွန် ၁၉

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(၃)ကျောင်းတွင် ကျင်းပသည်။

ဦးစွာ မဟာအောင်မြေခရိုင်  အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကလျာအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းကလည်း အ.ထ.က(၃)ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသား၊သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန် လာရောက်ဟောပြော ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အမှတ်(၃) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံးမှ ရဲအုပ်ချမ်းသာက လူကုန်ကူးမှုသည် ကျား၊ မ မရွေးဖြစ်ပွားနိုင်ကြောင်း၊ လူကုန်ကူးမှုမခံရအောင် လူကုန်ကူးမှုနှင့်ပတ်သက်သည့် ဗဟုသုတများကို လေ့လာဖတ်ရှုသင့်ကြောင်းစသည့်အကြောင်း အရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ  ဒေါ်လွင်လွင်မာက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနှင့် Cedaw အကြောင်းကို  အကျယ်တဝင့်ရှင်းလင်းဟောပြောကာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များနှင့် အဟာရမုန့်များ ဝေငှပေးခဲ့ကြောင်းသိရသည်။

‎‎အောင်ဇော်မင်း