ငါန်းဇွန်မြို့၌ မြစ်ကမ်းပါးများတွင် အိမ်သာများဆောက်လုပ်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေး ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ငါန်းဇွန် ဇွန် ၁၉

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ မြစ်ကမ်းပါးများတွင် အိမ်သာများ ဆောက်လုပ်ခြင်းနှင့်အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက် ၁၀ နာရီက ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္က ဦးမျိုးမင်းသိန်းမှ ဦးဆောင်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဗိုလ်၊ မြို့နယ်လဝကဦးစီးမှူး ဦးဆန်းထူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဇော်ထွန်း၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်သန့်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါသော ပူးပေါင်းအဖွဲ့က အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အတွင်းရှိ မြစ် ကမ်းပါးများသို့ သွားရောက်ပြီး မြစ်ကမ်းပါးများတွင် အိမ်သာများဆောက်လုပ်ခြင်းနှင့် အမှိုက်စွန့်ပစ်ခြင်းများ မရှိစေရေးအတွက် ရှောင်တခင်ကွင်းဆင်းစစ်ဆေးပြီး မြစ်ကမ်းပါးဘေးနေ ပြည်သူများ သိရှိလိုက်နာစေရေး အသိပေးမှာကြားခြင်း၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စောင့်ကြည့်ကြပ်မတ်သွားရန် တာဝန်ပေးမှာကြားခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)