ကျောက်ပန်းတောင်း ဇွန် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ်၌ ရက်(၁၀၀) စီမံချက်ဖြင့် စိုက်ပျိုးထားရှိသည့် မိုးသီးနှံများဖြစ်သော ပဲစင်းငုံ စံပြကွက်၊ မြေပဲ စံပြကွက်နှင့် နှမ်းသီးနှံ စံပြကွက်များ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများအား၊ ဇွန် ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းလွင် နှင့် အဖွဲ့ဝင်များသည်၊ မြို့နယ် စိုက်ပျိုးရေးကြီးကြပ်မှု ကော်မတီ အဖွဲ့ဝင်များဖြစ်သည့်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်း ဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန တို့မှ မြို့နယ်ဦးစီးမှူးများနှင့်အတူ၊ ကျောက်ပန်း တောင်းမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့် စိုက်ပျိုး ထားရှိသည့် ဆင်တိုင်းကန်ကျေးရွာ ကွင်းအမှတ် ၂၀၀၇ ရှိ၊ ဦးပိုင် အမှတ် ၅၆ မှ တောင်သူ ဦးအောင်မောင်း စိုက်ပျိုး ထားရှိသည့် ဆင်းပဒေသာ မြေပဲမျိုး ၂ ဧက နှင့် ဆင်တိုင်းကန်ကျေးရွာ ကွင်းအမှတ် ၂၀၀၇ ရှိ၊ ဦးပိုင်-၂၉ မှ တောင်သူ ဦးခင်မောင်အေး စိုက်ပျိုးထားရှိသည့် ရွှေဒင်္ဂါးမျိုး ပဲစင်းငုံ ၂ ဧက စိုက်ခင်း တို့တွင် စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြရာ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်အေးအေးမော်က စံပြကွက်များအတွက် မျိုးနှင့်သွင်းအားစုများ ဖြန့်ဝေ ထားရှိမှု အခြေအနေများနှင့် စစ်မှန်၍ အရည်အသွေး ပြည့်ဝသည့် မြေဩဇာများ ထောက်ပံ့ထားရှိမှု၊ စိုက်ပျိုးရေး နည်းစနစ်ကောင်းများ ပညာပေး ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀) စီမံချက် ဖြင့် စံပြကွက်များ စိုက်ပျိုးနိုင်ရန်၊ မျိုးကောင်း မျိုးသန့်များကို စိုက်ပျိုးရေး ဦးစီးဌာနမှ ပံ့ပိုး ဖြန့်ဝေ ထားရှိခဲ့ရာ၊ မိုးမြေပဲ (ဆင်းပဒေသာ-၁၁) မျိုးကို ဆင်တိုင်းကန်ကျေးရွာတွင် တောင်သူ ၁၁ ဦး၊ စိုက်ဧက ၃၀ ဧက၊ (နှမ်းနီ-၂၅/၁၆၀)မျိုး မိုးနှမ်းကို တောင်သူ ၆ ဦး၏ စိုက်ဧက ၁၀ ဒသမ ၀၀ ဧကနှင့် မိုးနေကြာကို ပုပ္ပားဒေသတွင် တောင်သူ ၇ ဦးတို့၏ စိုက်ဧက ၁၀ ဒသမ ၀၀ ဧက နှင့် (ရွှေဒင်္ဂါးမျိုး) မိုးပဲစင်းငုံကို ဆင်တိုင်းကန်ကျေးရွာမှ တောင်သူ ၁၆ ဦးတို့၏ စိုက်ဧက ၂၀ ဒသမ ၀၀ ဧကတွင် စိုက်ပျိုး ထားရှိရာ၊ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ရည်မှန်းချက် ပန်းတိုင်အထွက်နှုန်း ရရှိစေရေး အတွက်လည်း စိုက်ပျိုးရေး ဦးစီးဌာန ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်း၍ နည်းပညာ ဖြန့်ဝေမှုများ ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)