ပူတာအို ဩဂုတ် ၆
၂၀၂၀ ပြည့်နှစ် နို၀င်ဘာ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အဆင့် ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်(၅)ရက် နံနက်(၁၀) နာရီတွင် ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲမတိုင် မီကာလ လုံခြုံရေးဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပစဉ်ကာလအတွင်း လုံခြုံရေးဆောင်ရွက်ရန် ကိစ္စရပ်များ၊ ရွေးကောက်ပွဲပြီး ကာလလုံခြုံရေးဆိုင်ရာကိစ္စရပ်များ စီမံဆောင်ရွက်ထားရှိရန်တို့ကို ပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်အောင်က ပူတာအိုမြို့နယ်အတွင်း မဲရုံများတွင် လုံခြုံရေးစီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးစီမံခန့် ခွဲမှုကော်မတီအဖွဲ့၀င် ဗိုလ်မှူးထွန်းလင်းနိုင်က နယ်မြေလုံခြုံရေး စတင်ဆောင်ရွက် နေမှုများနှင့် ဆက်သွယ်ရေးခက်ခဲသော မဲရုံများအတွက် ဆက်သွယ်ရေးစက်များ ဖြင့်ပံ့ပိုးကူညီပေးမည့် အစီအစဉ်များကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရှဘောင်ဖုန်၀င့်နှင့်အစည်းအဝေး တက်ရောက်လာကြ သောဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများက ယခင်ရွေးကောက်ပွဲများ အတွေ့အကြုံနှင့်ယှဉ်ကာ လုံခြုံရေးနှင့် ပတ်သက်၍ လိုအပ်ချက်များကို အသီးသီးဆွေးနွေးကြရာ မြို့နယ်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ပေးခဲ့သည်။
ပူတာအိုမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၁)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၁၄)အုပ်စု မဲရုံပေါင်း (၄၈)ရုံတွင် ပထမအကြိမ် မဲစာရင်းကပ်ထားကြေညာချက်အရ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၃၉၆၁၀)ဦး ဆန္ဒမဲပေးမည်ဖြစ်ရာ အဆိုပါ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေး နိုင်ရေးအတွက် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နိုင်ရန်စီမံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပူတာအို (ပြန်/ဆက်)