ပြင်ဦးလွင် ဇွန် ၂၀
လူငယ်ကဏ္ဍကိုမြှင့်တင်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ဆင်လမ်းအခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်သူဇာ၀င်းက ကျောင်းကျန်းမာရေးနှင့်ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူငါးဦးမှ သိရှိလိုသည်များမေးမြန်းခဲ့ရာ တာ၀န်ရှိသူများက မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။
ဆက်လက်၍ စိတ်ပါ၀င်စားစွာမေးမြန်းခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာ၀န်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် ကျောင်းသား/ကျောင်းသူများအား အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်များ ခင်းကျင်းပြသပေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့သည်။
သွေးသွေး (ခရိုင် ပြန်/ဆက်)