မိတ္ထီလာမြို့ အ.ထ.က (၂) ၌ လူငယ်စကားဝိုင်းကျင်းပ

မိတ္ထီလာ ဇွန် ၂၀

မိတ္ထီလာမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ဦးစွာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးဝေထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းမှ စာရေးဆရာ မြင့်မားအောင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မာလာဆွေဝင်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အငယ်တန်းစာရေး ဒေါ်အကြင်နာထွေးဦး ဦးဆောင်၍ အ.ထ.က (၂) မှ ကျောင်းသူ၊ ကျောင်းသားငါးဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့်စာရိတ္တခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာကြသည့် ကျောင်းသူ၊ ကျောင်းသားများက ဖြည့်စွက်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ချမ်းသာ