ပျော်ဘွယ်မြို့နယ်အတွင်းရှိ ပြည်သူများအား ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များမှ ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသမှုဆောင်ရွက်

ပျော်ဘွယ် ဇွန် ၂၀

ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့်အထူးကုဆရာဝန်များမှ ပျော်ဘွယ်မြို့နယ်အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် လိုအပ်နေသော ပြည်သူများအား အခမဲ့ကွင်းဆင်း ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ရွှေညောင်ဖူးတိုက်နယ်ဆေးရုံတွင် ပြုလုပ်သည်။

ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ရာတွင် ရောဂါဖြစ်ပွားမှုစာရင်းကောက်ယူခြင်း၊ ရောဂါစစ်ဆေးရှာဖွေပေးခြင်း၊ တစ်ဦးချင်းစီအလိုက် ရောဂါဖြစ်ပွားမှုအပေါ်မူတည်၍ လိုအပ်သော အကြံဉာဏ်များပေးပြီးကုသပေးခြင်း၊ ဆေးဝါးများပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မြင့်ထွေး နှင့်တာဝန်ရှိသူများက လူနာများကို တွေ့ဆုံအားပေးကြသည်။

ကျန်းမာရေးဆိုင်ရာများ ကွင်းဆင်းကူသပေးရာတွင် ရွှေညောင်ဖူးကျေးရွာနှင့် အနီးဝန်းကျင်ရှိ ကျေးရွာပေါင်း ၁၆ ရွာမှ ပြည်သူပေါင်း ၇၈၀ ဦးခန့်ကို အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံအနေဖြင့် ကျေးရွာများသို့ အခမဲ့ကွင်းဆင်းကုသမှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)