မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက အ.ထ.က(၃)ကျောင်းတွင် ကျင်းပသည်။

ဦးစွာ မဟာအောင်မြေခရိုင်  အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်ကလျာအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇင်မာထွန်းကလည်း အ.ထ.က(၃)ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသား၊ သူများအား လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့်ပတ်သက်သည့် အကြောင်းအရာများ သိရှိစေရန် လာရောက်ဟောပြောခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၃) လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေးရဲတပ်ဖွဲ့စုရုံးမှ ရဲအုပ်ချမ်းသာက လူကုန်ကူးမှုသည် ကျား၊ မ မရွေးဖြစ်ပွားနိုင်ကြောင်း၊ လူကုန်ကူးမှုမခံရအောင် လူကုန်ကူးမှုနှင့် ပတ်သက်သည့် ဗဟုသုတများကို လေ့လာဖတ်ရှုသင့်ကြောင်းစသည့် အကြောင်းအရာများကို ဟောပြောခဲ့သည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ မြို့နယ်ဥပဒေအရာရှိ  ဒေါ်လွင်လွင်မာက အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာ ဥပဒေနှင့် Cedaw အကြောင်းကို  အကျယ်တဝင့်ရှင်းလင်းဟောပြောကာ တက်ရောက်လာသော ကျောင်းသား၊ သူများအား တာဝန်ရှိသူများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် အာဟာရမုန့်များ ဝေငှပေးခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း