ဘုတ်ပြင်း ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် ရပ်ကွက်/ကျေးရွာအတွင်းရှိ လူငယ်မောင်မယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးကျန်းမာသန်စွမ်းတဲ့ အနာဂတ်မျိုးဆက်သစ်များ ပေါ်ထွက်လာစေရန်၊ မြို့နယ်ပိုက်ကျော်ခြင်းအားကစား အဆင့်အတန်း မြင့်မားစေရေးအတွက် အထောက်အကူပြုစေရန်နှင့် မြို့နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် ထူးချွန်ထက်မြက်သော အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖိတ်ခေါ်အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေနံနက်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် စစ်ကြောင်းမှူးကဦးဆောင်၍ ပြိုင်ပွဲဝင်းအသင်းများ တန်းအပ်ခြင်း၊ အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဋ္ဌာန်ကို စုပေါင်းရွတ်ဆိုကြပြီး ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ထိုနောက် အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အောက်လိပ်ကျေးရွာအသင်းနှင့် ဘုတ်ပြင်းကလပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုတ်ပြင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာများမှ အားကစားဝါသနာရှင်များ၊ ပြိုင်ပွဲအားကစားသမားများက ကြည့်ရှုအားပေးခဲ့သည်။
ပြိုင်ပွဲကို ရပ်ကွက်/ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း(၁၃)သင်းဖြင့် အုပ်စု(၄)စုခွဲကာ ဇွန်လ (၁၉)ရက်နေ့မှ (၂၂)ရက်နေ့အထိ ကျင်းပသွားမည်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)