ပလောက် ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ လူကြီးလူငယ်မရွေး စာပေဖတ်ရှုတတ်သည့် အလေ့အကျင့်များ ရရှိစေရေးနှင့် ဖတ်ရှုပြီးသော အကြောင်းအရာများကို ပြန်လည်မျှဝေတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းကို ယမန်နေ့နံနက် (၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နှင်းမြူလွင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး စာပေဝါသနာရှင်များက စာရေးဆရာအောင်သင်း ရေးသားသည့် လူငယ်နှင့်ဘဝတန်ဖိုး စာအုပ်ကို ဖတ်ရှုပြီးနောက် မိမိတို့၏အတွေးအမြင်များကို အပြန်အလှန် ဆွေးနွေးကြသည်။
စာပေဝါသနာရှင်များက ဘဝတန်ဖိုးသည် မိမိကြိုးစားအားထုတ်မှု၊ ကိုယ်ကျင့်တရားနှင့် အများအကျိုးကို မည်မျှသယ်ပိုးနိုင်သည်ဆိုသည့် အချက်များအပေါ်၌သာမူတည်ကြောင်း၊ ပညာတတ်သည်နှင့် မပြည့်စုံသေးဘဲ အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်သော အသိဉာဏ်ရှိမှသာ ဘဝကိုအောင်မြင်စွာ လျှောက်လှမ်းနိုင်မည်ဖြစ်ကြောင်း၊ လူငယ်ဘဝတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ အခက်အခဲများနှင့် ကျရှုံးမှုများကို စိတ်ဓာတ်မကျဘဲ ဘဝ၏သင်ခန်းစာကောင်းများအဖြစ် ပြောင်းလဲရှုမြင်တတ်ရန် လိုအပ်ကြောင်းတို့ကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ပလောက်(ပြန်/ဆက်)