မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါပန်းတိုင် အထွက်နှုန်း ထွက်ရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ဝါ မျိုးစေ့ (B.31) ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

မြင်းခြံ ဇွန် ၂၀

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးနှောင်းချည်မျှင်ရှည်ဝါပန်းတိုင် အထွက်နှုန်းထွက်ရှိရေး စံပြကွက်စိုက်ပျိုးမည့် တောင်သူများအား ဝါမျိုးစေ့ (B.31) ထောက်ပံ့ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက မိုးနှောင်းချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေးအတွက် လုပ်ငန်းဆောင်ရွက် နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ဝါစိုက်တောင်သူများအား မြင်းခြံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်း၊ မြင်းခြံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချစ်ကိုကိုတို့က ဝါမျိုးစေ့(B.31)များကို ထောက်ပံ့ပေးအပ်ရာ တောင်သူများက အသီးသီးလက်ခံရယူခဲ့ကြသည်။

ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်နီနီဝင်းက မိုးနှောင်းချည်မျှင်ရှည်ဝါ အထွက်နှုန်းတိုးတက်ရေး ပညာပေးဆွေးနွေးပွဲကို ကျင်းပရာ တောင်သူ ၂၆ ဦးနှင့်ဝန်ထမ်း ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)