ထားဝယ် ဇွန် ၂၀
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မြို့နယ်များအတွင်းမိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများရှိအကျိုး ဆောင်တောင်သူများအား ဆင်းသုခမျိုးစပါး၊ လက်ဆွဲမျိုးစေ့ချကိရိယာများပေးအပ်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ ကျန်းမာရေးလမ်း၊ ဘုမ္မော်စိုက်ပျိုးရေးကွင်း၌ ကျင်းပသည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ပြသထားသည့် သီးနှံကာကွယ်ရေး၊ မျိုးစေ့၊ ဆင်းသုခမျိုးစပါး၊ လက်ဆွဲမျိုးစေ့ချကိရိယာများကို ကြည့်ရှုအားပေးသည်။
အခမ်းအနားတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက တိုင်းဒေသကြီးအတွင်း ၂၀၂၅-၂၀၂၆ ခုနှစ်တွင် မိုးစပါး (၂၂၂၂၉၁) ဧက၊ နွေစပါး (၈၁၈၁) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အထွက်တင်းအနေဖြင့် (၁၆၉၉၉၄၉၂)တင်း ထွက်ရှိကာ ဒေသဝမ်းစာဖူလုံမှုအနေဖြင့် (၇၉.၅၃) ရာခိုင်နှုန်းတိုးတက်ရရှိခဲ့ပြီးဖြစ်ကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ခုနှစ်တွင် မိုးစပါး (၂၂၂၄၇၆) ဧက၊ နွေစပါး(၈၁၆၀)ဧကစိုက်ပျိုးရန် လျာထားခဲ့ပြီးယခုအချိန်အထိ မိုးစပါး(၁,၆၅၉)ဧကစိုက်ပျိုးထားရှိပြီးဖြစ်ကြောင်း၊ ဒေသဝမ်းစာ ဖူလုံမှုမရှိသေးသော တိုင်းဒေသကြီးတွင် ဒေသဝမ်းစာဖူလုံရေးအတွက် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်ဧက အထွက်နှုန်းတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ ထားဝယ်ခရိုင်အနေဖြင့် ဒေသဝမ်းစာဖူလုံမှု(၉၀.၂၉) ရာခိုင်နှုန်းသာရှိသောကြောင့် ခရိုင်/မြို့နယ်အလိုက် ဖူလုံမှုရာခိုင်နှုန်း တိုးတက်ရရှိမှသာလျှင် တိုင်းဒေသကြီးတစ်ခုလုံးဒေသဝမ်းစာ ဖူလုံမှုတိုးတက်လာမှာဖြစ်သည့်အတွက် မိမိတို့ဒေသ၏သီးနှံများ တစ်ဧကအထွက်နှုန်းတိုးတက်ရန် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် ထားဝယ်ခရိုင်၌ရှိသော မိုးစပါးစိုက်ဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အကျိုး ဆောင် တောင်သူများထံမျိုးကောင်းမျိုးသန့်မျိုးစေ့များ ပေးအပ်သွားမှာဖြစ်ပြီး လယ်ယာလုပ်သားရှားပါးမှု ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် မျိုးစေ့ချကိရိယာများကိုလည်း ပေးအပ်သွားမှာဖြစ်ကြောင်း၊ မိုးစပါးစိုက်ပျိုးနည်းစနစ်များစွာရှိသည့်အနက် ကောက်စိုက်စက်၊မျိုးစေ့ချကိရိယာများဖြင့် စိုက်ပျိုးခြင်းသည် အချိန်ကုန်သက်သာခြင်း၊ ငွေကုန်သက်သာခြင်း၊ အလုပ်သမား ရှားပါးမှုပြဿနာများဖြေရှင်းနိုင်ခြင်းစသည့်အကျိုး ကျေးဇူးများရရှိမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘက်ပေါင်းစုံမှ တွန်းအားပေး ကူညီဆောင်ရွက်ကြောင်း၊ တောင်သူများအနေဖြင့်လည်း စိုက်ပျိုးရေးဦးစီးဌာနနှင့်အမြဲမပြတ် ဆက်သွယ်ဆောင်ရွက်ပြီး မျိုးကောင်းမျိုးသန့် မျိုးစေ့နှင့်သွင်းအားစုဆိုင်ရာ လိုအပ်ချက်များ၊ရောဂါပိုးမွှားကာကွယ်နှိမ်နှင်းနည်း၊ ခေတ်မီစိုက်ပျိုးရေးနည်းပညာများကို လက်ဆင့်ကမ်းရယူလျက် မိမိတို့ စိုက်ပျိုးထားရှိသော သီးနှံများ၏ တစ်ဧကအထွက်နှုန်းတိုးတက်ရေးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကြိုးစားဆောင်ရွက်ကြရန်လိုအပ် ကြောင်းပြောကြားသည်။
ထို့နောက်တိုင်းဒေသကြီး၊ စက်မှုလယ်ယာဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်ထွေးက ကွင်းသရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက ထားဝယ်ခရိုင်အတွင်း၊ မြို့နယ်များရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများရှိအကျိုးဆောင် တောင်သူများအား ဆင်းသုခမျိုးစပါးပေးအပ်ခြင်းနှင့်မြို့နယ်များအားလက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က စိုက်ပျိုးရေးဦးစီးဌာနနှင့် စက်မှုလယ်ယာဦးစီးဌာနတို့ပူးပေါင်း၍ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးပြသခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)