ထားဝယ် ဇွန် ၂၀
ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့်သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်(၇)နာရီခွဲက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့၊ လေယာဉ်ကွင်းတိုးချဲ့မြေနေရာအတွင်း၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကိုကျင်းပ သည်။
ဦးစွာတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဇော်နိုင်ဦး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးမြတ်ကို၊ တိုင်းဒေသကြီးတရား လွှတ်တော်တရား သူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်မျိုးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးသိန်းလွင်တို့က ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် တက်ရောက်လာသူများအား သစ်ပင်ပျိုးပင်များ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကံ့ကော်သစ်ပင်ပျိုးပင်အားစတင်စိုက်ပျိုးပေးပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရား သူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက သက်မှတ်ထားသောနေရာများတွင် ပျိုးပင်အမျိုးအစား (၉)မျိုး စုစုပေါင်းပျိုးပင် (၆၆၄)ပင်အား စုပေါင်းစိုက်ပျိုးပေးကြပြီးတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်က သစ်ပင်ပျိုးပင်စိုက်ပျိုးပေးနေမှုအား လှည့်လည်ကြည့်ရှုအားပေးသည်။
“နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့၊ ရတနာသစ်တော ပြည့်သွေးကြော၊ သစ်တောရတနာထိန်းသိမ်းပါ၊ ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်း၊ သက်ရှိလောကတည်မြဲဖို့ သစ်ပင်စိုက်ပျိုးထိန်းသိမ်းစို့” စသည့် ဆောင်ပုဒ်များနှင့်အညီ တိုးချဲ့လေယာဉ် ကွင်းဧရိယာအတွင်း၌ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ ကံ့ကော်၊ စိန်ပန်း၊ ငုရွှေဝါ၊ ခရေ၊ ပိတောက်၊ သင်္ကန်း စသည့် စုစုပေါင်းသစ်ပင် ပျိုးပင်(၆၆၄)ပင်အား စိုက်ပျိုးပေးကြသည်။
ထားဝယ်ခရိုင်အတွင်းရှိသစ်တောဦးစီးဌာန ပျိုးဥယျာဉ်များတွင် မိုးရာသီ လူထုဖြန့် ပျိုးပင်များအား ဌာနဆိုင်ရာများ၊ တပ်ရင်း တပ်ဖွဲ့များ၊ တက္ကသိုလ်၊ သင်တန်းကျောင်းများနှင့်ဒေသခံပြည်သူများသို့ အခမဲ့ဖြန့်ဝေပေးလျက်ရှိပါကြောင်းနှင့် ပျိုးပင်များ ရယူစိုက်ပျိုးလိုပါကထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနသို့ ဆက်သွယ်ပြီး ပျိုးပင်များ ထုတ်ယူနိုင်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)