စဉ့်ကိုင် ဇွန် ၂၁
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ ရက် (၁၀၀) စီမံချက်ဖြင့် ဆောင်ရွက်သော အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေး စီမံကိန်း အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၀ ရက် နံနက် ၉ နာရီက စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာအုပ်စု၊ တောင်ဦးကျေးရွာ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလှမျိုးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်က စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့က ထူးချွန်သင်တန်းသူများအား သုံးစွဲခွင့်ပြုမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများကိုလည်းကောင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များ၊ သင်တန်းမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများကို အသီးသီး ပေးအပ်ခဲ့ကြရာ သင်တန်းသူများက လက်ခံရယူခဲ့ကြပြီး သင်တန်းသူ မမြဖူးငုံက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)