ကျောက်ဆည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးကုဌာနနှင့် ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ကျောက်ဆည်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းယုသင်းက မြန်မာ့တိုင်းရင်းဆေးနဲ့ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်၊ သင်တန်းမှသင်ကြားပေးလိုက်သော ဆေးနည်းများကို ပြန်လည်မျှဝေသွားကြရန်၊ ရောဂါကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားကြရန် သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင်တိုင်းရင်းဆေးမှူး ဦးဇော်လင်းထင်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။
ထို့နောက် ခရိုင်တိုင်းရင်းဆေးမှူး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအုပ် ဒေါ်ကြည်ကြည်စိန်တို့က သင်တန်းသား၊ သင်တန်းသူ ၇၂ ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)