ဘောလခဲမြို့၌ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး ပန်းအလှပင်များ စိုက်ပျိုးရန်ဆောင်ရွက်

ဘောလခဲ ဇွန် ၂၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ယမန်နေ့နံနက်က ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများက မြို့တွင်းလမ်းဘေးဝဲယာများ၌ ပန်းအလှပင်များစိုက်ပျိုးရန် မြေနေရာများ ရှင်းလင်းဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်၏ ကြီးကြပ်မှုဖြင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နေပြည်သူများပူးပေါင်း၍ ချုံနွယ်နှင့်ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပန်းအလှပင် များအားစိုက်ပျိုးရန် မြေနေရာများ ရှင်းလင်းခြင်း၊ တိုင်းတာခြင်းနှင့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ဘောလခဲမြို့နယ်အနေဖြင့် မြို့အတွင်းသန့်ရှင်းသာယာလှပစေရန်၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရန်၊ လေကောင်းလေသန့် ရရှိစေရေးအတွက် ပုံမှန်သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဘောလခဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)