ကော့သောင်းမြို့နယ်၌ Football for School အစီအစဉ်အား အကောင်အထည်ဖော်ဆောင်ရွက်

ကော့သောင်း ဇွန် ၂၁

ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် Football for School အစီအစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်ရန်၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘောလုံးအားကစားကိုစိတ်ဝင်စား၍ ပါဝင်ဆောင်ရွက်နိုင်ရန်၊ ဘောလုံးအားကစားကိုမြတ်နိုး၍ အခြေခံပညာကျောင်းများမှ ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ‌၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် Football for School အစီအစဉ်အား ဇွန်လ(၁‌၉)ရက်နေ့မှစ၍ ကော့သောင်း‌မြို့နယ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Football for School အစီအစဉ်အရ ဘောလုံးအဖွဲ့ချုပ်မှ ကော့သောင်းမြို့နယ်ရှိ အခြေခံပညာကျောင်း (၉၁)ကျောင်းအတွက် Adidas size-4 ဘောလုံး(၉၁)လုံး ခွဲဝေချထားပေးခဲ့ပြီး အဆိုပါဘောလုံးများအား U14 ကျောင်းသား၊ ကျောင်းသူများ အမှန်အကန်အသုံးချနိုင်ရေးအတွက် ကြီးကြပ်အကောင်ထည်ဖော်ရေးကော်မတီဖြင့် ကျောင်းအသီးသီးမှ အားကစားတာဝန်ခံများအား Football for School Application အသုံးပြုပုံကို ရှင်းလင်းသင်တန်းပေး၍ ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ Football for School အစီစဉ်တွင်ပါဝင်သော အားကစားနည်းများအား သရုပ်ပြခြင်း၊ Football for School Application အသုံးပြု၍ FIFA ချိတ်ဆက်ကာ ကျောင်းသားများ၏ အားကစားဆိုင်ရာ စွမ်းရည်နှင့် ဘောလုံးအားကစားအပေါ် စိတ်ဝင်စားမှုများရှိလာစေရေးအတွက် ပညာရေးနယ်မြေ ပညာရေးအုပ်စုများအလိုက် အားကစားနည်းအခြေခံများအား အပတ်စဉ်ကျောင်းပိတ်ရက်များတွင် သရုပ်ပြလေ့ကျင့်ပေးခြင်းများကို နယ်မြေပညာ‌ရေးအုပ်စုအလိုက် ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂ဝ၂၆-၂၀၂၇ ပညာသင်နှစ် ကော့သောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေဖြင့် ဘောလုံးကစားခြင်းဆိုင်ရာ နည်းစနစ်များ၊ ဘောလုံးကစားခြင်းဖြင့်ရရှိမည့် အကျိုးကျေးဇူးများကို သိရှိလာပြီး နိုင်ငံတော်အတွက် အားကိုးရသည့် ဘောလုံးအားကစား လက်ရွေးစင်လူငယ်များ မွေးထုတ်ပေးနိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)