ကျောက်ဆည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ယမန်နေ့နံနက် (၁၀) နာရီက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မူးယစ်ဆေးဝါးအစ ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်မသောက်ကြရန်နှင့် မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ရုပ်ပိုင်ဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူဘဝ မရောက်ရန် မူးယစ်ဆေးဝါးသုံးစွဲသူများနှင့်မိတ်ဖွဲ့ခြင်းကို ရှောင်ကြည်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်အား အမျိုးသားရေးတာဝန်အဖြစ် ဝိုင်းဝန်းကာကွယ်ပူးပေါင်းဆောင်ရွက်ကြရန် စသည့် အကြာင်း များအား ဟောပြောခဲ့သည်။
ထို့နောက်ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီကမူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့် စိတ်ဓာတ်ကျခြင်း မှတ်ဉာဏ်ချို့ယွင်းခြင်း၊ ထုံနာကျင်နာ၊ အကြောသေရောဂါ၊ ဝက်ရူးပြန်ရောဂါများနှင့် ခန္ဓာကိုယ်တွင် အနာရောဂါပေါက်ခြင်းများဖြစ်တတ်သည့်အတွက် မူးယစ်ဆေးဝါးများကို မသုံးစွဲကြရန် အသိပညာပေးဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသထားသော နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
စုစုအေး