ကော့သောင်း ဇွန် ၂၁
တနင်္သာရီတိုင်းဒေသကြီးအတွင်း အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် Placement Test စစ်ဆေးမည်ဖြစ်ပြီး ကျောင်းသားများရောက်ရှိနေသော အသက်အရသော်လည်းကောင်း၊ တတ်မြောက်ခဲ့သော ပညာအရည်အချင်းအရသော်လည်းကောင်း အတန်းတင်ပေးသည့် "မူ"ချမှတ်၍ အခြေခံပညာကျောင်းများသို့ စနစ်တကျ ဝင်ရောက်ပညာသင်ယူနိုင်ရန်အတွက် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်းခွဲ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း စာစစ်ဌာနတွင် ဇွန်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို သတ်မှတ်အချိန်ဇယားများအလိုက် ကျင်းပဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့နယ်အတွင်းမှ ကျောင်းပြင်ပရောက်ရှိနေသော မူလတန်းအဆင့် G-2 မှ G-5 ကျောင်းသား၊ ကျောင်းသူ (၄၂)ဦးနှင့် အလယ်တန်းအဆင့် G-6 မှ G-8 ကျောင်းသား၊ ကျောင်းသူ (၁၇)ဦး၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ပညာသင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ ကျောင်းနေမြဲပြီး အတန်းကူးပြောင်းမှုနှုန်း မြင့်မားစေရေးနှင့် အနည်းဆုံး KG + 9 ပြီးမြောက်နိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပြီး ၂၁ ရာစု စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသော လူ့ဘောင်အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)