သာစည် ဇွန် ၂၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကန်သစ်ကျေးရွာအုပ်စု ကျတ္တီးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာရှိ အောင်တော်မူစေတီဓမ္မာရုံတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမင်းက အမှာစကားပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြည်သူ့စကားဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်သူ့စကားဝိုင်းကိုစတင်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလွင်မျိုးထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနနှင့် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက မိမိတို့ဌာနများမှဆောင်ရွက်လျက်ရှိသောလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးသည်။ ၎င်းနောက် ကျေးရွာပြည်သူများက ဒေသလိုအပ်ချက်များကိုတင်ပြကြရာ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြည်သူ့စကားဝိုင်းသို့ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကန်သစ်ကျေးရွာနှင့်ကျတ္တီးကျေးရွာတို့မှ ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)