စဉ့်ကိုင် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှကြီးမှူး၍ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေလာစေရန်၊ ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ ဂေဟစနစ် တည်ငြိမ်လာစေရန်၊ ပြည်သူများ သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေပြီး သစ်တောသစ်ပင်များအား ချစ်ခင်တန်ဖိုးထားတက်လာစေရန်နှင့် သစ်တောသစ်ပင်စိုက်ပျိုးခြင်းဖြင့် ဒေသခံပြည်သူများ အကျိုးကျေးဇူးများ ရရှိခံစားနိုင်စေရန် ရည်ရွယ်ကာ ၂၀၂၆ ခုနှစ်၊ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို စဉ့်ကိုင်မြို့နယ်၊ ရွာဟောင်းကုန်းကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေး ကားလမ်းမကြီးဟောင်း မိုင်တိုင်အမှတ် (၃၈၄/၃)အနီး၌ ဇွန်လ ၂၁ရက် နံနက် ၇:၃၀အချိန်က ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင် တက်ရောက်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်၊
ရှေးဦးစွာစိုက်ပျိုးမည့် သစ်ပင်စိုက်ပျိုးပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် တာဝန်ရှိသူများက စိုက်ပျိုးမည့်သူများအား ပျိုးပင်များပေးအပ်ခဲ့သည်။ ဆက်လက်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက သတ်မှတ်နေရာ၌ စိန်ပန်းပင်ကို စိုက်ပျိုးပေးကာ တက်ရောက်လာသူများက စိန်ပန်း၊ တမာ၊ ကုက္ကိုနှင့် မယ်ဇယ်ပင် စုစုပေါင်း စိုက်ပျိုးပင် ၂၀၀ ပင်ကို စိုက်ပျိုးခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ကောလိပ်များမှ ဂထိကသရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ကြောင်းနှင့် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနအနေဖြင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေးအတွက် လမ်းဦးစီးဌာန၊ မြန်မာ့မီးရထားဦးစီးဌာနတို့အား ပျိုးပင်နှင့် နည်းပညာ ပံ့ပိုးကူညီ၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)