မြစ်သား ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ် ပြပွဲကို ဇွန်လ ၂၀ ရက်မွန်းလွဲ ၁ နာရီခွဲက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က မူးယစ်ဆေးဝါး ဆိုးကျိုးများအကြောင်း အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မူးယစ်ဆေးဝါးဆောင်ပုဒ်များ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့်ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ စိတ်ဓာတ်ခိုင်မာသန်စွမ်းရေး အားကစားကဏ္ဍ မြှင့်တင်ပေးမူးယစ်ဆေးကို ရှောင်ကာမနှေး စသည့်တို့ကို ဟောပြောခဲ့သည်။ ဆက်လက်၍ ကျီတော်ကုန်းအခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ထွန်းအောင်က မူးယစ်ဆေးဝါး အမျိုးအစားများဖြစ်သည့် မူးယစ်ဆေးဝါးအုပ်စု ငါးမျိုး၊ ဆေးလိပ်/ကွမ်းယာများ၏ ဆိုးကျိုးနှင့်အန္တရာယ်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များကို တားဆီးကာကွယ်နှိမ်နင်းခြင်း အကြောင်းအရာများ၊ မူးယစ်ဆေးဝါးသည် လူညွှန့်တုံးစေသည်အထိ ဖြစ်စေနိုင်ကြောင်း မူးယစ်ဆေးဝါးကို စတင်အသုံးမပြုမိအောင် သတိပြုရှောင်ကြဉ်ရန် စသည့်တို့ကို အကျယ်တဝင့် ဟောပြောခဲ့သည်။
ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)