သရက်ချောင်း ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရန် ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီက အမှတ်(၄၀၃)ခြေမြန်တပ်ရင်းဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်မှူး သန့်ဇင်ထွန်းမှ ပျိုးပင်ပေးအပ်ရာ တပ်နယ်မိသားစုဝင်များက လက်ခံရယူခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ရဲမှူးခင်မောင်လွင်မှ ပျိုးပင်ပေးအပ်ရာ အမျိုးသမီး
ရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက လက်ခံရယူခြင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးစောမိုးမင်းသိန်းမှ ပျိုးပင်ပေးအပ်ရာ ပညာရေးဌာနက လက်ခံရယူခြင်း၊ မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်နိုင်ဦးမှ ပျိုးပင်ပေးအပ်ရာ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးများက လက်ခံရယူခဲ့ပြီးနောက် တက်ရောက်လာသူများမှ သတ်မှတ်နေရာအသီးသီးတို့၌ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပျဉ်းကတိုး၊ မအူ၊ မျောက်ငို၊ မဟော်ဂနီ၊ မန်ဂျဉ်ရှား၊ မယ်ဇလီ၊ သင်္ဘာမန်းကျည်း၊ သင်္ကန်း ပျိုးပင်ပေါင်း ၅၀၀ ပင်အား တစ်ပျော်တစ်ပါး စနစ်တကျ စုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
သရက်ချောင်းမြို့နယ်၌ မိုးရာသီကာလ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့၌ သဘာဝပတ်ထိန်းသိမ်းရေးနှင့်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်/ပျိုးပင်များစိုက်ပျိုးနိုင်ရန် မြို့နယ်သစ်တောဦးစီးဌာန ပျိုးဥယျာဉ်တွင် ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ပျဉ်းကတိုး၊ မအူ၊ မျောက်ငို၊ မဟော်ဂနီ၊ မန်ဂျဉ်ရှား၊ မယ်ဇလီ၊ သင်္ဘာမန်းကျည်း၊ သင်္ကန်း ပျိုးပင်ပေါင်း ၂၀၀၀၀ ပင်အား ပျိုးထောင်ထားရှိပြီး မိုးရာသီကာလအတွင်း ဒေသခံပြည်သူများအနေဖြင့် သစ်ပင်စိုက်ပျိုးလိုပါက ဆက်သွယ်မှာယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်နိုင်ဦးထံမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)