ကျွန်းစုမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းစု ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရက် (၁၀၀)စီမံချက်အရ ကျင်းပပြုလုပ်သည့် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်၊ ကျေးရွာပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ဇွန်လ ၂၁ ရက် ညနေပိုင်းက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်

ဦးစွာ ဗိုလ်လုပွဲတွင် One Sports အသင်းနှင့် No Fear အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့ကြကာ One Sports အသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့ပြီး တံခွန်စိုက်ဆုဖလားကို ဆွတ်ခူးရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသား ၂ ယောက်တွဲနှင့် အမျိုးသား ၃ ယောက်တွဲ ပြိုင်ပွဲများ၏ ပထမ၊ ဒုတိယ၊ တတိယ၊ လည်ဆွဲဆုနှင့် ငွေသားဆုများကို  တာဝန်ရှိသူများက အသီးသီးချီးမြှင့်ပေးအပ်ခဲ့ပြီး တံခွန်စိုက်ဆုဖလားကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ထက်မြင့် (ကျွန်းစု)