ပုသိမ် သြဂုတ် ၆
၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပတော့မည်ဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်တွင် ပထမအကြိမ် အဖြစ် ရပ်ကွက်/ကျေးရွာ ကော်မရှင်ရုံးများတွင် မဲစာရင်းများကို ဇူလိုင် ၂၅ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ သြဂုတ်လ ၇ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာများရှိ အုပ်ချုပ်ရေး ရုံးများတွင် ကပ်ထားရာ လာရောက်ကြည့်ရှုသူများရှိသည်။
မဲစာရင်းလာရောက်ကြည့်ရှုသူ ပြည်သူ များအနေဖြင့် မဲစာရင်းတွင် ၄င်းတို့၏ အမည်စာရင်း မပါရှိမှုကို၊ မဲစာရင်းတွင် အသက် ၁၈ နှစ်ပြည့်ပြီးသည့် မိသားစုဝင်များ၏ အမည်စာရင်း မပါရှိမှုများကို ပုံစံ ၃ ဖြင့် လျောက်ထားမှုများရှိကြောင်းလည်း ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးများမှသိရသည်။ အလားတူ မဲဆန္ဒရှင်အမည် စာလုံးပေါင်းမှားယွင်းမှု၊ မွေးသက္ကရာဇ် လွဲမှားမှုများကိုလည်း ပုံစံ ၄-ဂ ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် ပုံစံစာရွက်များကို အခမဲ့ထုတ်ပေးလျက်ရှိကြောင်းသိရသည်။
ယခုအခါ ရပ်ကွက်နှင့်ကျေးရွာများတွင် ပြည်သူများမဲစာရင်းများလာရောက်ကြည့်ရှုကြရန် ဆက်လက်အသိပေးနှိုးဆော်ပေးလျှက်ရှိကြောင်းနှင့် ပုသိမ်မြို့နယ်အတွင်း အသက် ၁၈ နှစ် ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူ.ကျား ၁၁၇၇၃၂ ဦး၊ မ ၁၃၁၂၁၁ ဦး၊ စုစုပေါင်း ၂၄၈၉၄၃ ဦးရှိပြီး၊ ရပ်ကွက် ၂၅၊ ကျေးရွာအုပ်စုပေါင်း ၅၃ ၊လျာထားမဲရုံပေါင်း ၂၀၀ ရှိကြောင်းသိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)