ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများသည် မိတ္ထီလာမြို့နယ် စံပြရှေ့ပြေးဥပဒေရုံး(Pilot Law Office) အသစ် သတ်မှတ်ဖော်ဆောင်ခြင်းနှင့် ယခင်စံပြရှေ့ပြေး ဥပဒေရုံးများအား ကြည့်ရှုစစ်ဆေး

အောင်မြေသာစံ ဇွန် ၂၂

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးအား ပြည်သူ့အကျိုးရည်မှန်း၍ စံပြရှေ့ပြေး ဥပဒေရုံးများအဖြစ် သတ်မှတ်တိုးချဲ့ဖွဲ့စည်းရန် လတ်တလော လျာထားခဲ့ပြီး နေပြည်တော် ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံး၊ ဥတ္တရသီရိမြို့နယ်ဥပဒေရုံး၊ ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးနှင့် ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးတို့ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၃ ရက်နေ့ကလည်းကောင်း၊ မေလ ၂၂ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူမြို့နယ်ဥပဒေရုံးနှင့် ပဲခူးမြို့နယ်ဥပဒေရုံးတို့အားလည်းကောင်း၊ မေလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စမ်းချောင်းမြို့နယ် ဥပဒေရုံး၊ သာကေတမြို့နယ်ဥပဒေရုံးနှင့် အလုံမြို့နယ်ဥပဒေရုံးတို့အားလည်းကောင်း စံပြရှေ့ပြေး ဥပဒေရုံးများအဖြစ် တိုးချဲ့သတ်မှတ်၍ ဖော်ဆောင်ပေးခဲ့ပြီး ဖြစ်သည်။ ယခုအခါ စံပြရှေ့ပြေး ဥပဒေရုံး သတ်မှတ်ဖော်ဆောင်ခြင်း ဆောင်ရွက်ပြီးသည့် ဥပဒေရုံး စုစုပေါင်း (၃၇)ရုံး ရှိပြီးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများသည် ဇွန်လ ၂ဝ ရက်နေ့ တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိတ္ထီလာမြို့နယ်ဥပဒေရုံးအား စံပြရှေ့ပြေးဥပဒေရုံး အသစ်တိုးချဲ့ ဖော်ဆောင်ခြင်း၊ ယခင်စံပြရှေ့ပြေး ဥပဒေရုံးများဖြစ်သော ပြင်ဦးလွင်ခရိုင် ဥပဒေရုံးနှင့် ချမ်းအေးသာစံမြို့နယ်ဥပဒေရုံးတို့ကို ကြည့်ရှုစစ်ဆေးပြီးနောက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်နှင့် မြို့နယ်ဥပဒေအရာရှိများအား တိုင်းဒေသကြီးဥပဒေချုပ် ရုံးခန်းမ၌ တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ လမ်းညွှန်မှာကြားမှုပြုလုပ်သည်။

ရှေ့ပြေးဥပဒေရုံး(Pilot Law Office)များ ဖွင့်လှစ်ခြင်းဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်သောအခါ မှတ်ပုံတင်ရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာပေးပို့ခြင်း စသည်တို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန်၊ အမှုလိုက်ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများအကြား နည်းပညာအသုံးပြုကာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ရှေ့ပြေးဥပဒေရုံးများ တွင် တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်း(Pre-Trial Interview, PTI)များကို ဆောင်ရွက်နိုင်ရန် စံနမူနာပြု စမ်းသပ်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်မှုများ၌ ပါဝင်သည့် နှစ်နာသူနှင့် မျက်မြင်သက်သေများကို ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်ရေး ရဲအရာရှိများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းနိုင်ရေးတို့ကိုဖော်ဆောင်ပြီး နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရန် လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။

အဆိုပါ ဥပဒေရုံးများသည် အခြားဥပဒေရုံးများနှင့်မတူဘဲ စံပြဥပဒေရုံးများအဖြစ် ရုံးဥပဓိရုပ် ကောင်းမွန်ရေး၊ တရားခွင်အကြို ရုံးခန်းများထားရှိရေး၊ အခြားလိုအပ်သော ရုံးအသုံးအဆောင် ပစ္စည်းများကို ဖြည့်ဆည်းပေးရေး၊ ရှေ့ပြေးဥပဒေရုံးတွင် တာဝန်ထမ်းဆောင်မည့် အရာထမ်း၊ ဝန်ထမ်းများ၏ အရည်အသွေးမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းနောက် စံပြရှေ့ပြေးဥပဒရုံး(Pilot Law Office)အဖြစ် သတ်မှတ်ဆောင်ခဲ့သည့် မြို့နယ်ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)