မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲကျင်းပ

မိတ္ထီလာ ဇွန် ၂၂

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် မန္တလေးတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ကျင်းပခဲ့ရာ မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူငယ်ရေးရာဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစစ်နိုင်နှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးစိုင်းအောင်ကြည်နှင့်  လူငယ်ရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မိတ္ထီလာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ တက္ကသိုလ်/ဒီဂရီ/ကောလိပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ၊ စက်မှုအထက်တန်းကျောင်း၊ စက်မှုလက်မှုသိပ္ပံနှင့် သူနာပြုသင်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ကြက်ခြေနီလူငယ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာလူငယ်များ၊ ပြည်ခိုင်ဖြိုးလူငယ်များ၊ ပရဟိတလူငယ်များနှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်လူငယ်များ တက်ရောက်ကြသည်။

ဦးစွာ  မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို လူငယ်တွေ့ဆုံပွဲ အခမ်းအနားဖြစ်မြောက်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသူများ အားလုံးနဲ့ မိတ္ထီလာမြို့နယ်အတွင်းမှာရှိတဲ့ ကဏ္ဍအသီးသီးမှ လူငယ်များကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့ အနာဂတ်နိုင်ငံ့တာဝန်တွေကို ပုခုံးပြောင်းတာဝန် ထမ်းဆောင်ကြမယ့် လူငယ်များကို တက်ကြွပြီး စွမ်းရည်ထက်မြက်တဲ့ နိုင်ငံ့သယံဇာတများ ဖြစ်အောင်အလေးထား ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခင်က လူငယ်များအတွက် သီးသန့် ဆောင်ရွက်ပေးမည့် ဝန်ကြီးဌာနဟူ၍ သီးခြားမရှိခဲ့ကြောင်း၊ ယခုလက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံတော်သမ္မတကြီးမှ လူငယ်တွေထိပ်ဆုံးမှ ပါဝင်နိုင်စေရေးနှင့် အနာဂတ်လူငယ်လူရွယ်များကို တာဝန်ခံဖြည့်ဆည်းပေးနိုင်ရန်အတွက် လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဝန်ကြီးဌာနအဖြစ် ပထမဦးဆုံး ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် လူငယ်များနှင့် နှစ်ပေါင်း(၅၀)ကျော်ထိတွေ့ဆက်ဆံခဲ့သည့်မိမိအား တာဝန်ပေးအပ် ခဲ့ကြောင်း၊ လူငယ်များအနေနဲ့လည်း မိမိတို့အပေါ်ကျရောက်လာတဲ့ သမိုင်းပေးတာဝန်တွေကို ကျေပွန်ရန်လိုအပ်ကြောင်း၊ လူငယ်များရဲ့စွမ်းဆောင်ရည်နဲ့ သမိုင်းအစဉ်အလာများအရဆိုလျှင် လူငယ်တွေဟာ နိုင်ငံတော်အတွက်အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာကို တွေ့မြင်နိုင်ကြောင်း၊ ယခု မိတ္ထီလာနယ်ဟာဆိုရင်လည်း စာတက်မြောက်ရေးစီမံချက်ကို ပထမဦးဆုံးအကောင်အထည်ဖော်ခဲ့တဲ့နေရာပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း ကျေးလက်နေလူငယ်များ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ “စည်းလုံးခြင်း ထက်သာလွန်တဲ့အင်အား” မရှိသည့်အတွက် မိမိတစ်ဦးထဲ လုပ်ဆောင်၍မရပဲ ပြည်သူအားလုံး အတူတကွပူးပေါင်းပါဝင်မှသာ အမြန်ဆုံးအကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရချည်း သက်သက်ဆောင်ရွက်၍ မရသည့်အတွက် လူငယ်ထုမှ ပူးပေါင်းဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ အစိုးရနဲ့ ပြည်သူလက်တွဲညီမှသာ မြန်မာ့လူ့အဖွဲ့အစည်းတိုးတက်လာမှာဖြစ်ကြောင်း၊ မိမိအနေဖြင့်လည်း သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း၍ စီမံချက်ရေးဆွဲနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်ရေး အစီအမံများအား မိတ္ထီလာနယ်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  လူငယ်များအနေနဲ့လည်း မိမိတို့ဘဝခရီးလမ်းတစ်လျှောက် လမ်းမှားမရောက်စေပဲ မိမိတို့ပန်းတိုင်ကိုသာ တစိုက်မတ်မတ်ကြိုးစားသွားကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာပြောကြားသည်။

ဆက်လက်ပြီး မန္တလေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းအောင်ကြည်မှ အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ဆယ်ကျော်သက်လူငယ်တွေရဲ့ ကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနဲ့ ပြည်ထောင်စုစိတ်ဓာတ်တွေ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် လူငယ်ရေးရာအသိပညာပေး‌ ဟောပြောပွဲများကို တစ်နိုင်ငံလုံး ကျင်းပပြုလုပ်ပေးနေကြောင်း၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် နည်းပညာ၊ သက်မွေးပညာ သင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေနဲ့ လက်ရှိကာလမှာ လူငယ်များ အသိပညာ၊ ဉာဏ်ပညာ၊ ဗဟုသုတ တိုးတက်စေပြီး ဗလငါးတန်နဲ့ ပြည့်ဝစေရေးအတွက် လူငယ်ကဏ္ဍ မြှင့်တင်နိုင်ရေး အထူးအလေး ထားဆောင်ရွက်နေတာကို တွေ့ရမှာဖြစ်ကြောင်း၊ လူငယ်များအနေနဲ့လည်း နိုင်ငံတကာမှာဖြစ်ပျက်နေတဲ့ အခြေအနေ၊ ဗဟုသုတတွေကို မျက်ခြေမပျက် လေ့လာနေရမှာဖြစ်ပြီး တိုးတက်လာတဲ့ နည်းပညာများကို ခေတ်နဲ့အညီ လေ့လာမှတ်သားနေရမှာဖြစ်ပြီး မိမိကိုယ်ကိုယ် ထိန်းကျောင်းတည့်မတ်ရင်း လူတော်လူကောင်းများဖြစ်အောင် ယခုအချိန်ထဲက ကြိုးစားကြဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောကြားသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာသော တက္ကသိုလ်/ ဒီဂရီ/ကောလိပ် အသီးသီးနှင့် အလွှာအသီးသီးရှိ လူငယ်များမှ သိလိုသည်များမေးမြန်းခဲ့ရာ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းမှ ပြန်လည်ရှင်းလင်းဖြေကြားသည်။ အခမ်း အနားအပြီးတွင်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထာင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ချမ်းသာ