ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းရေ မြင့်တက်လာမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်‌အချို့ ရေဝင်ရောက်မှုရှိ

ဖားကန့် ဇွန် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် မိုးများအဆက်မပြတ် ရွာသွန်းမှုကြောင့် မိုးရေချိန် (၆.‌၈၉) လက်မရှိပြီး ယနေ့နံနက်ပိုင်းက မြေနိမ့်ပိုင်းရပ်ကွက်အချို့ ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။

ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်ရှိ မော်ဝမ်းချောင်းအတွင်း တောင်ကျချောင်းရေစီးဆင်း ကျရောက်မှုကြောင့် ရပ်ကွက်အတွင်းသို့ ချောင်းရေများလျှံကျကာ မော်ဝမ်းရပ်ကွက် အပိုင်း (၄) နှင့် (၅) တို့တွင် တစ်ပေခန့်၊ ရပ်ကွက် အပိုင်း (၆) တွင် နှစ်ပေခွဲခန့် ရေဝင်‌ရောက်လျက်ပြီး ငှက်ပျောတောရပ်ကွက်တွင် ချောင်းရေသုံးပေခန့်၊ မရှီကထောင်ရပ်ကွက်တွင် ချောင်းရေသုံးပေခန့်နှင့် အေးမြသာယာရပ်ကွက်တွင် ချောင်းရေနှစ်ပေခန့် ရေများဝင်ရောက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မိုးများအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် လုံးခင်ကျေးရွာအုပ်စု၊ ကံဆီးကျေးရွာအနီး ဥရုချောင်းရေမှတ်တိုင်၏ စိုးရိမ်‌‌ရေအမှတ်
နှစ်ပေခန့်သတ်မှတ်ထားသော်လည်း ဥရု‌ချောင်းရေ ဝင်‌ရောက်မှု‌ရေအမှတ်မှာ သုံးပေခန့်သာ‌ရှိကြောင်း သိရသည်။

အဆိုပါ ချောင်းရေဝင်ရောက်မှုအခြေအနေအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရေဝင်ရောက်နေသည့် နေအိမ်များရှိ ပြည်သူများ သွားလာရေးအဆင်ပြေချောမွေ့စေရန်အတွက် လှေငယ်များ ကြိုတင်စီစဉ်ထားရှိပြီး ချောင်းရေဆက်လက်မြှင့်တက်လာပါက မြေနိမ့်ပိုင်းရှိ ပြည်သူများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်းကာ ကြိုတင်အသိပေးဆောင်ရွက်ခြင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဥရုချောင်းရေမြှင့်တက်မှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေးဆုံးမှုမရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)