ပြင်ဦးလွင် ဇွန် ၂၂
(၁၀၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ကို ဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၆)ရှိ မြို့မဈေးကြီး ဈေးသမဝါယမအသင်း ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့မဈေးကြီးဈေးသမဝါယမအသင်းလီမိတက်၏ဥက္ကဋ္ဌ ဦးထွန်းမြင့်မှ ချေးငွေလုပ်ငန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများမှ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်သည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွက် အစုပေါ်အမြတ်ငွေများကို အသင်းသားတစ်ဦးလျှင် ငွေကျပ်(၂၀၀၀ဝိ/-)နှုန်းဖြင့် အသင်းသား(၇၁၅)ဦတို့အား ငွေကျပ်(၁၄၃) သိန်း နှင့် အသင်းသားစုဆောင်းငွေပေါ်အကျိုးအမြတ်ငွေများ ကျပ်(၉၁၉၉၉၅၀ဝိ/-)ကို မြို့မဈေးကြီး ဈေးသမဝါယမအသင်းရုံးခန်းမ၌ အသင်းသား၊ အသင်းသူများ လက်ဝယ်အရောက် ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ မြို့မဈေးကြီး ဈေးသမဝါယမအသင်းလီမိတက်၏ ၂ဝ၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အသင်းသား၊ အသင်းသူများအား အစုပေါ်အမြတ်ငွေနှင့် စုဆောင်းငွေပေါ် အကျိုးအမြတ်ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်နှင့် ဝန်ထမ်းများ၊ အသင်းသား၊ အသင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)