အထက(စဉ့်ကိုင်)၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနား ကျင်းပ

စဉ့်ကိုင် ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အထက (စဉ့်ကိုင်) ကျောင်းဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၂၁ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းရှိ သဇင်ခန်းမ၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အလှူငွေ ပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတနှင့်သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန် လိုအပ်သည့် အချက်များနှင့် ပတ်သက်၍ ပြောကြားခဲ့ပြီး စာသင်ကျောင်းအတွက် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအကျိုးတော်ဆောင် ကော်မတီနှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂအောင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်နှင့် တာဝန်ရှိသူများက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကျောင်းအကျိုးတော်ဆောင်ကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းနောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်းရှိ စာသင်ကျောင်းဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ရာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရသည်။

ကျော်စွာ (စဉ့်ကိုင်)