ကျောက်ဆည်မြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွက်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး ယနေ့နံနက်(၁၀)နာရီက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြသပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်တင်ထွေးနှင့် ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီတို့မှ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ရာ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းမှ အလယ်တန်း ကျောင်းသား၊ ကျောင်းသူများမှ ယှဉ်ပြိုင်ခဲ့ပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များနှင့် နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)