ကော့သောင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲ ဆောင်ရွက်

ကော့သောင်း ဇွန် ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောခြင်းနှင့် စာအုပ်၊စာစောင်ပြပွဲဆောင်ရွက်ခြင်းကို ဇွန်(၁၉) ရက်နေ့ မွန်းလွဲပိုင်းက အထက(ဇာဒက်ကြီး) ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်‌‌ရေး အသိပညာပေး ဆောင်ရွက်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက စာဖတ်စွမ်းရည်တိုးတက်စေရန်နှင့် အသိပညာဗသုတများ တိုးပွားစေရန် အားလပ်ချိန်များတွင် ဗဟုသုတရရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှူလေ့လာရန်၊ ကျောင်းသား/သူများအနေဖြင့် ကျောင်းစာပညာရပ်များသာမက ဗလငါးတန်နှင့် ပြည့်စုံ၍ အသိဉာဏ်ပညာ ဖွံ့ဖြိုးသူများဖြစ်စေရန် ဗဟုသုတရရှိစေသည့် ပြင်ပစာအုပ်၊ စာပေများကို‌လည်း လေ့လာကြရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာဖတ်သည့် အလေ့အကျင့် ပြုစုပျိုးထောင်ကြရန် လိုအပ်ကြောင်း၊ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများနှင့် သုတ၊ ရသစာပေအမျိုးအစားများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အထဖြစ်စေရေးအတွက် သုတ၊ရသ စာအုပ်စာစောင်များ‌၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်‌ရေး အသိပညာ‌ပေး နံရံကပ်စာ‌စောင်များ လေ့လာဖတ်ရှုစေခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)