စဉ့်ကိုင် ဇွန် ၂၂
၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို)အဖြစ် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ မူးယစ်အန္တရာယ်နှင့် ပတ်သက်သည့် ဆိုးကျိုးများကို သိရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အလက(တရုတ်စု) ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်က ဟောပြောပွဲ ကျင်းပရခြင်း ရည်ရွယ် ချက်များကို ရှင်းလင်းကာ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါး၏ ကျေးကျွန်များမဖြစ်အောင် နေထိုင်ရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများနှင့် မိတ်ဖွဲ့နေထိုင်ခြင်း မပြုလုပ်ရန်၊ မည်သည့် မူးယစ်ဆေးဝါးကိုမျှ စမ်းသပ်သုံးစွဲခြင်း မပြုလုပ်ကြရန်၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ လက္ခဏာများအကြောင်း၊ အန္တရာယ်ဆိုးကျိုးများအကြောင်း၊ ဥပဒေ၊ နည်းဥပဒေများ စသည့် အကြောင်းအရားများကို ကျောင်းသား/ကျောင်းသူများနှင့် အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပဠဲဝင် ကျောင်းသား/ကျောင်းသူ ၃၁ ဦးတို့က ကဗျာရွတ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)