ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၅)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ လူငယ်စကားဝိုင်း ဆွေး‌နွေးပွဲကျင်းပ

ပြည်ကြီးတံခွန် ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၅) အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၌ ယနေ့နံနက် ၁၀ နာရီက မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနက ဦးစီး၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ‌ဒေါ်ခင်စောလွင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန်နှင့် ပြည့်စုံစေရန်အတွက် လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် အမှတ်(၂၅)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ Grade-11 ကျောင်းသား မောင်ပြည့်ဘုန်းကြွယ်က “လူငယ်နဲ့ စာပေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မသံသာချိုက လူငယ်နဲ့ Social Media” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -11 ကျောင်းသူ မကူးကူးစံက “လူငယ်နဲ့ မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြရာ လူငယ်စကားဝိုင်း တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများကလည်း သိရှိလိုသည်များကို မေးမြှန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပွဲမှ ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ခင်းကျင်းပြသဆောင်ရွက်ခဲ့ရာ လူငယ်စကားဝိုင်း တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှု‌လေ့လာခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)