မြင်းခြံ ဇွန် ၂၂
မြင်းခြံမြို့၌ (၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယဘုရားပွဲတော်နှင့် ဘဒ္ဒကမ္ဘာမုခ်ဦးတော်ကြီးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ဘုရားမုဒ်ဦး ရှေ့တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြင်းခြံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမန်းမြင့်နှင့် တာဝန်ရှိသူများက (၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယ ဘုရားပွဲတော်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဘဒ္ဒကမ္ဘာမုခ်ဦးတော်ကြီး၏ အထိမ်းအမှတ် ကျောက်စာကို မုဒ်ဦးအလှူရှင်မှ ဖွင့်လှစ်၍ အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ရာတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးခဲ့သည်။
(၁၁၁) ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇေနိယဘုရားပွဲတော်အား ဝါဆိုလဆန်း ၈ ရက်နေ့မှ ဝါဆိုလပြည့်ကျော် ၁၁ ရက်နေ့အထိ ၁၈ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ဘုရားပွဲတော်ရက်အတွင်း ဒေသထွက်ကုန်ပစ္စည်းများ၊ ဒေသထွက် အစားအစာများနှင့် အဝတ်အထည်များ စသည်တို့စုံလင်စွာ ရောင်းချလျက်ရှိပြီး၊ ပြည်သူများ အပန်းပြေပျော်ရွှင် စေရေးအတွက် ဇာတ်သဘင်ပွဲများပါဝင်ကာ အခြားပျော်ရွှင်ဖွယ်ရာ ဆော့ကစားနည်းများ ပါဝင်ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)