သရက်ချောင်း ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်၍ ဆရာ/ဆရာမများကကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက သရက်ချောင်းမြို့၊ အခြေခံပညာ(အ-ထ-က)သရက်ချောင်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဆရာမများက အသိပညာပေးဟောပြောရာ သွေးလွန်တုတ်ကွေးရောဂါဆိုင်ရာ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးနည်းလမ်းများအကြောင်း၊ ငှက်ဖျားရောဂါအကြောင်း၊ ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်းကို အသိပညာပေးဟောပြောပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား ဆရာမများက မျက်စိအဝေးမှုန်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ကျန်းမာရေးဆရာမများက ကျောင်းကျန်းမာရေးလှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ စာရင်းရေးသွင်းခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများလိုအပ်သည့် ဆေးပေးခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)