မြင်းခြံ ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် “ကျန်းမာရေးအဆင့်မြင့်ကျောင်းများ ထူထောင်စို့” မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၉ နာရီက ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇင်မာသန်းထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နီနီဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယပညာရေးမှူး ဦးသန်းထွန်းက ကျောင်းကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်းများ ဆန်းစစ်မှုပုံစုံများနှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြများက ကျောင်းကျန်းမာရေးအဆင့်မြင့်ကျောင်းများ ထူထောင်စို့ ဆင့်ပွား သင်တန်းကို သင်ကြားပို့ချခဲ့သည်။
“ကျွန်မတို့အနေနဲ့ ကျောင်းအုပ် ဆရာ/ဆရာမများကို “ကျောင်းကျန်းမာရေး အဆင့်မြင့်ကျောင်းများ ထူထောင်စို့” အတွက် ကျောင်းအခြေပြု ကျန်းမာရေး အသိပညာမြှင့်တင်ရေးလုပ်ငန်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်း၊ ကျောင်းတွင်း အာဟာရဖွံ့ဖြိုးရေးနှင့် အစားအစာအန္တရာယ် ကင်းဝေးရေးလုပ်ငန်း၊ ရောဂါကာကွယ်ရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း၊ ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့် ကျောင်းမှ ပြည်သူအတွင်းသို့ မူမှန် လူနေမှုဘဝဟန်များ ရောက်ရှိရေးလုပ်ငန်း၊ နှစ်သိမ့်ပညာပေးဆွေးနွေးခြင်းနှင့် လူမှုရေးပံ့ပိုးမှု လုပ်ငန်း၊ သင်တန်းနှင့် သုတေသနလုပ်ငန်း၊ ကာယပညာနှင့် အားကစားလုပ်ငန်း စတဲ့ အကြောင်းအရာများကို သင်ကြားပို့ချပေးသွားမှာ ဖြစ်ပါတယ်” ဟု ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာ ဇင်မာသန်းထွန်းက ပြောသည်။
အဆိုပါ မြို့နယ်အဆင့် ဆင့်ပွားသင်တန်းကို သင်တန်းသား၊ သင်တန်းသူ ၉၀ ဦးတက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)