ကျောက်ဆည် ဇွန် ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ ဇီဝနည်းပညာသုတေသနဦးစီးဌာန၌ ရက်(၁၀၀)စီမံချက်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသော Herbal Soap ပြုလုပ်ခြင်းသင်တန်းနှင့် နည်းပညာလွှဲပြောင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဇီဝနည်းပညာသုတေသနဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဇီဝနည်းပညာသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ) ဒေါက်တာအေးအေးခိုင်က နိုင်ငံတော်၏မူဝါဒများနှင့်အညီ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနများပြုလုပ်လျက်ရှိပြီး သင်တန်းများ၊ နည်းပညာလွှဲပြောင်းခြင်းများ နှစ်စဉ်ကျင်းပလျက်ရှိကြောင်း၊ ရက်(၁၀၀)စီမံချက်ဖြင့် သုတေသနစီမံကိန်း(၃)ခု အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့မှာတော့ Herbal Soap ပြုလုပ်နည်း သုတေသနကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် လိုအပ်သည့်သုတေသနနည်းပညာများကိုလည်း ပေါင်းစပ်ညှိနှိုင်းတောင်းခံ နိုင်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းမှူးဒေါက်တာခင်မြတ်လွင်က Herbal Soap ပြုလုပ်ပုံအဆင့်ဆင့်နည်းပညာ လွှဲပြောင်းခြင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(တာဝန်ခံ)က Golden Goat ကုမ္ပဏီလိမီတက်ထံသို့ နည်းပညာလွှဲပြောင်းခြင်းနှင့်ဆိုင်သည့် မှတ်တမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် ညွှန်ကြားရေးမှူးဒေါက်တာသဲစုမိုး၊ ဒေါက်တာခင်မြတ်လွင်နှင့်သုတေသနလက်ထောက်(၁) ဒေါ်ဇာကြည်ဝင်း၊ ဒေါ်အေးစန္ဒာတို့က ရှားစောင်းပိုးဥအိမ် မျက်နှာသစ်ဆပ်ပြာပြုလုပ်ခြင်း၊ Orchid Facial Soap ပြုလုပ်ခြင်း နည်းပညာများကို ရှင်းလင်းပြောကြားခဲ့ပြီး လက်တွေ့ သင်ကြားခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)