ဘုတ်ပြင်း ဇွန် ၂၂
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ဇွန်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက အတွင်းဘုတ်ပြင်းကျေးရွာအုပ်စု ခဲမိုင်းကျေးရွာ အ.လ.က(ခွဲ) သဲစုပ်စက် မိုင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေး ဟောပြောပွဲတွင် အလက(ခွဲ)သဲစုပ်စက်မိုင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းဦးက အသိပညာပေးဟောပြောပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်များကို ပြောကြားသည်။ ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုရန်ရှောင်ရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင်း ဖြစ်ပေါ်နိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့်အချက်အလက်များ၊ ဆောင်ရန် ရှောင်ရန်များကို အသီးသီး ဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးမှတ်တမ်းဓာတ်ပုံများ၊ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)