မိတ္ထီလာမြို့နယ်၌ ကျွဲ၊နွားများအား ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး

မိတ္ထီလာ ဇွန် ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများအား ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာရောဂါ ကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရက်(၁၀၀)စီမံချက်ဖြင့်  ဒေသခံနွားများနှင့် နို့စားနွားများအား ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာရောဂါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါက်တာအောင်ထွန်းက ကျေးလက်နေပြည်သူများအား တိရစ္ဆာန်မွေးမြူရာတွင် ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး၊ ကူးစက်ရောဂါ မကျရောက်စေရေး၊ တိရစ္ဆာန်အစာပင်စိုက်ပျိုးနိုင်ရေးနှင့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များရရှိအောင် မေထုန်မဲ့နည်းဖြင့် သားစပ်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့သည်။

၎င်းနောက် မိတ္ထီလာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာအမ်ဇော်မိုင်နှင့် ဝန်ထမ်းများက ကျီးတော်ကုန်းရပ်ကွက်နှင့် ထမုန်ကန်ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာတို့ရှိ ဒေသနွားနှင့် နို့စားနွားကောင်ရေ ၃၆၅ ကောင်အား ပေါင်ပုပ်လက်ပုပ်နှင့် ခွာနာလျှာနာရောဂါကာကွယ်ဆေးများကို အခမဲ့ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)