ရွှေကူမြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်လှစ်

ရွှေကူ ဇွန် ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီမှစ၍ ရွှေကူမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်လှစ်လျက်ရှိကြောင်း သိရှိရသည်။

ရှေးဦးစွာ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း သင်တန်းဖွင့်ပွဲကိုကျင်းပခဲ့ရာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူး မြင့်ဇော်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး  ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးစံက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် ဥပဒေပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနာလည်စေပြီး၊ မိမိ၏လုပ်ငန်းတာဝန်များကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန်အတွက် ယခုကဲ့သို့သင်တန်းများကို ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအနေဖြင့် ကြိုးစားသင်ယူကြခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းကို ဆက်လက်ပို့ချလျက်ရှိရာ ရွှေကူမြို့နယ် ဥပဒေအရာရှိ ဒေါ်အိသင်္ဂီမြင့်က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်း စွာစီတန်းလှည့်လည်ခြင်းဥပဒေ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေး နည်းဥပဒေ အပါအဝင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေကဲ့သို့သော  ဥပဒေ ဘာသာရပ် (၁၁) မျိုးအား ဇွန်လ ၂၂ ရက်နေ့မှာ ၂၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၃ နာရီ ၅၀ မိနစ်အထိ ပို့ချသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၅) ဦး၊ စာရေးဝန်ထမ်း(၃၂)ဦး၊ စုစုပေါင်းသင်တန်းသား (၃၇) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)